နှာခေါင်းရိုးကျိုးခြင်း အကြောင်း သိကောင်းစရာ
မျက်နှာကို ထိခိုက်မိတဲ့ မတော်တဆမှု အတော်များများမှာ နှာခေါင်းရိုးကျိုးနိုင်ချေများတယ်လို့ အားလုံး သိရှိခန့်မှန်းမိမှာပါ။ ဆေးပညာအခေါ်အရ Nasal Fracture မှာ အများအားဖြင့် ကျိုးရင် Nasal Bridge လို့ခေါ်တဲ့ နှာခေါင်းရဲ့ အပေါ်အရင်းပိုင်းမှစကာ လျှောဆင်းလာသော နှာတံတစ်လျှောက် တစ်နေရာမှ ကျိုးအက်တာ များပါတယ်။
နှာခေါင်းကျိုးရင်
- နှာခေါင်းကို အထိမခံနိုင်အောင် နာကျင်မယ်
- နားတစ်ဝိုက်မှာ ယောင်ယမ်းတတ်တယ်
- နှာခေါင်းသွေးလျှံတယ်
- နှာခေါင်းရဲ့ ပုံသဏ္ဌာန် အနည်းငယ် အချိုးမကျ ဖြစ်ကာ နှာတံက တစ်ဖက်ကို စောင်းသွားတတ်ပါတယ်
- အသက်ရှူရ ခက်တတ်ပါတယ်
- နှာခေါင်းမှ အချွဲအကျိတွေ ထွက်တတ်ပါတယ်
- နှာခေါင်းပေါက် တစ်ဖက်မှာ ပိတ်နေသလို ခံစားရတတ်ပါတယ်။
နှာခေါင်းရိုးကျိုးစေနိုင်တဲ့ အခြေအနေများကတော့
- လူလူချင်း ထိတွေ့မှုများတဲ့ အားကစား လှုပ်ရှားမှုများ ( hockey ၊ဘောလုံးကန်ခြင်း၊ နပန်း စသည့်)
- ရန်ဖြစ်ခြင်း
- ယာဉ်မတော်တဆမှုများ
- ပြုတ်ကျခြင်း၊ ချော်လဲခြင်း
- နံ့ရံ (သို့) တံခါးကို ဆောင့်မိခြင်း တို့ဖြစ်ပါတယ်။
နှာခေါင်းရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ နှာခေါင်းနှစ်ဖက်ကို ကြားမှာ ကန့်ထားတဲ့ အကန့်သည် စောင်းတာ၊ နေရာလွဲတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ သွေးများအိုင်နေတတ်ကာ နှာခေါင်းပေါက်များကို ပိတ်တဲ့အထိဖြစ်စေနိုင်တဲ့ သွေးလုံးကြီး ဖြစ်တတ်ပါတယ်။ ပြင်းထန်သော အရှိန်နဲ့ ခိုက်မိတာကြောင့်လည်း နှာနုရိုးပါ ကျိုးသွားတတ်ပါတယ်။ ဒါ့အပြင် နှာရိုးကို ကျိုးစေနိုင်တဲ့ ပြင်းအားသည် လည်ပင်းမှာရှိတဲ့ အရိုးများပါ ကျိုးသည်အထိ ဆိုးဝါးနိုင်ပါတယ်။
နှာခေါင်းရိုးကျိုးခြင်းဟာ သိပ်မပြင်းထန်လျှင်၊ ပုံပန်းအရမ်းမပျက်လျှင် ၁-၂ ပတ်စောင့်ကာ ခွဲစိတ်စရာ မလိုဘဲ အကိုက်အခဲပျောက်ဆေးများပေးပြီး ပြင်ပလူနာကုသတဲ့နည်းလမ်းနဲ့ပဲ ကိရိယာအချို့ကိုသာ သုံးပြီး ပြန်လည်တည့်မတ်ပေးရန်သာ လိုနိုင်ပါတယ်။ အကယ်၍ နောက်ဆက်တွဲများပါ ဖြစ်ပေါ်နေရင်တော့ ခွဲစိတ်ဖို့လိုနိုင်ပါတယ်။
နှာခေါင်းရိုးကျိုးပြီလို့ ယူဆရရင် ရှေးဦးပြုစုနည်းအနေနဲ့
- လူနာကို ထိုင်ခိုင်းပါ၊ နောက်သို့ မမှီထားပါနဲ့၊ မလှဲခိုင်းပါနဲ့ ( နှာခေါင်းသည် နှလုံးရဲ့ အပေါ်မှာ ရှိနေဖို့လိုပါတယ်)
- ရှေ့ကို အနည်းငယ် ကိုယ်ကို ညွတ်ထားခိုင်းပါ ( သွေးများ လည်ချောင်းထဲသို့ မစီးစေဖို့ ဖြစ်ပါတယ်)
- နှာခေါင်းရဲ့ ပျော့တဲ့အပိုင်းကို လက်မ၊လက်ညှိုးသုံးကာ ၅ မိနစ်ခန့် ညှစ်ထားခိုင်းပါ၊ သွေးထွက်တာ ရပ်သည်အထိ ညှစ်ထားပေးပါ
- နှာခေါင်းကို ၁၀မိနစ်တစ်ခါ ရေခဲထုပ်ကပ်လိုက်၊ဖယ်လိုက် လုပ်ပေးပါ။
ဒီနည်းလမ်းတွေကတော့ နှာခေါင်းရိုးကျိုးထားသူတစ်ယောက်ကို ဘေးအန္တရာယ်အနည်းဆုံးဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်။
ရေးသားသူ - ဒေါက်တာမေမြတ်